
Monday, 21 August 2017
ဒီပဲယင်း သေရေသေရက် မေတ္တာစာ
မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်တွင် ဒီပဲယင်း
နယ်သူနယ်သားများဧ။် တောင်းပန်ချက်အရ
လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော
"ဒီပဲယင်း သေရည်သေရက် မေတ္တာစာ"
〰〰〰〰〰〰〰〰〰
🌲 ငါးပါးသီလတွင် သုရာမေရယက မဟာသာဝဇ္ဇဖြစ်ပုံ🌲
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
ငါးပါးသီလတွင် သုရာမေရယက သာလွန်၍ အပြစ်ကြီး၏။
ခုဒ္ဒကပါဌ၊ သိက္ခာပဒသုတ်အဋ္ဌကထာတွင်-
" အပိ စေတ္ထ သုရာမေရယမဇ္ဇပမာဒဋ္ဌာန'မေဝ မဟာသာဝဇ္ဇံ န တထာ ပါဏာတိပါတာဒယော၊ ကသ္မာ မနုဿဘူတဿပိ ဥမ္မတ္တကဘာဝသံဝတ္တနေန အရိယဓမ္မန္တရာယ ကရဏတော" (ခုဒ္ဒက၊ဋ္ဌ။၁၉)
ကံငါးပါးတွင် သုရာမေရယမဇ္ဇပမာဒဋ္ဌာနသည်သာလျှင် သာလွန်အပြစ်ကြီး၏။ အဘယ့်ကြောင့်နည်းဆိုသော် လူ့အဖြစ်ကိုရသည့်အခါတွင်လည်း ရူးသည့်အဖြစ်ကိုဖြစ်စေတတ်သောကြောင့်လည်းကောင်း၊ အရိယမဂ်,ဖိုလ်၏ အန္တရာယ်ကိုပြုတတ်သောကြောင့်လည်းကောင်း ဖြစ်၏။
ကံ(၅)ပါးတို့ကို အသီးသီးပြုကြ၍ အပါယ်ငရဲအကျိုးကို ခံပြီးမှ လူ့ဘုံ လူ့ဘဝကို ရခြင်းတူကြသော်လည်း အရက်သေစာ မူးယစ်ဆေးဝါး သောက်စားသူတို့ကား ရူးသောအဖြစ်၊ ဉာဏ်ရည်မပြည့်သောအဖြစ်တို့၌ ဖြစ်လေရကား မဂ်, ဖိုလ်၏ အန္တရာယ်ဖြစ်၏။ ထို့ကြောင့် သုရာမေရယကံသည် အခြားကံ (၄)ပါးထက် မဟာသာဝဇ္ဇ သာလွန်အပြစ်ကြီး၏။
အင်္ဂုတ္တိုရ်ပါဠိတော်, ပဉ္စကနိပါတ်,ဥပါသကာဝဂ်, ရာဇာသုတ်၌လည်း ကံငါးပါးတို့၏ အပြစ်ကို အသီးသီးဟောတောမူပြီးမှ သုရာမေရယက သာလွန်၍ အပြစ်ကြီးကြောင်းကို ဟောတော်မူထားခဲ့၏။
ထို့ပြင်လည်း ခုဒ္ဒကပါဌပါဠိတော် မင်္ဂလသုတ်တွင်လည်း-
" အာရတီ ဝိရတီပါပါ မဇ္ဇပါနာ စ သံယမော" ဟု ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ ကံ(၄)ပါးတို့မှတစ်ပါး သုရာမေရယ ရှောင်ကြဉ်ခြင်းကိုသာ မင်္ဂလာတစ်ပါးဟု ဟောတော်မူသည်မှာလည်း ပါဏာတိပါတစသော ကံ(၄)ပါးတိုထက် သုရာမေရယကံက သာလွန်၍ အပြစ်ကြီးသောကြောင့် ဟောတော်မူသည်ဟု မှတ်ရမည်။
အချို့သောသူတို့က သုရာမေရယ သောက်စားမူးယစ်သူတို့သည် အပါယ်သို့မရောက်စေတတ် အာပစ်ပင်မရှိဟု ပြောဆိုကြ၏။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းဂန်တို့ကို မတွေ့ မသိ မရိပ်မိ၍သာ ဆိုရှာပေသည်ဟု မှတ်ရမည်။
ရည်ညွှန်းချက်။ ။ ပကိဏ္ဏကဝိသဇ္ဇနာ ( လုံးတော်၊၃၊၂), တတိယတွဲ၊ ပုဒ်မ-၁၅၁။
Monywa Javana Ashin

Subscribe to:
Post Comments (Atom)
No comments:
Post a Comment